Karen Human Rights Group

မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဘူးသိုမြို့နယ်အတွင်း‌ မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ရွာသားတစ်ဉီးသေဆုံး (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ)

 

အပိုင်း ၁- မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ

(ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ မ--- ကျေးရွာ  

 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စော ဟ---

အသက်

၅၅

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

နေ့စားအလုပ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ မ--- ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏သတင်းမှတ်တမ်းပြုစုသူတစ်ဉီးမှ မ--- ရွာသားတစ်ဉီးကို ဖုန်းဖြင့်ဆက် သွယ်မေးမြန်းပြီး ‌မြေမြှုပ်မိုင်းဖြစ်စဉ်ကို မှတ်တမ်းပြုစုခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသ နည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေမြှုပ်မိုင်းဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ပေးသူမှာ မ--- ကျေးရွာတွင်နေထိုင်ပြီး ထိခိုက် ဒဏ်ရာရရှိသူအား ရွာသို့ပြန်ပို့ပေးခဲ့သူဖြစ်ပြီး ဖာပွန်မြို့ရှိဆေးရုံသို့လိုက်ပို့ပေးခဲ့သူဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ မ--- ကျေးရွာတွင်နေထိုင်သော အသက် ၅၅နှစ်အရွယ်ရှိ စောဟ--- သည် ၎င်းရွာ၏အနီးအနားရှိ တောထဲတွင် ကြောင်လျှာသီးခူးရောင်းချရန်အတွက် သွားခဲ့ပါသည်။ ၎င်းမှ ကြောင်လျှာသီးရောင်း၍ ရလာသည့်ဝင်ငွေအား မိသားစုအတွက် ဆန်ဝယ်ယူရန်အသုံးပြုမည်ဖြစ်ပါသည်။ ထိုနေ့တွင် တောထဲသို့ သုံးကြိမ်သွားရောက်ခဲ့ပြီး ကြောင်လျှာသီးရှာခဲ့ပါသည်။ ၎င်းမှ တောထဲသို့ သုံးကြိမ်မြောက်သွားချိန်ဖြစ်သည့် ညနေ ၂း၅၅ မိနစ်ခန့်တွင် ‌‌မြေမြုပ်မိုင်းတစ်လုံးကို တက်နင်းမိခဲ့ပါသည်။

 

‌မြေမြှုပ်မိုင်းပေါက်ကွဲပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းမှ ကျယ်လောင်စွာအကူအညီအော်တောင်းခဲ့ပါသည်။ မ--- ကျေးရွာရှိရွာသားများသည် အမျိုးသားတစ်ဉီး၏ အော်ခေါ်သံကိုကြားသည်နှင့် အခင်းဖြစ်ပွားရာနေရာသို့ ၎င်းအားသွားရှာခဲ့ကြပါသည်။ ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင်း ၎င်းမှ ‌ခြေထောက်နှစ်ဖက်လုံးတွင်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ ရွာသားများမှ ၎င်းအား ပထမဉီးစွာ အိမ်သို့ပို့ဆောင်ခဲ့ကြသည်။ ထို့နောက် ရွာသားများမှ၎င်းအားကားဖြင့်  ဖာပွန်မြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး (SAC) စစ်ဗျူဟာ (ကုတင် ၁၀၀) ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ ဆေးရုံတွင်ရောက်ရှိသွားပြီး ဆေးကုသမှုမခံယူမှီ ၎င်းသည် ကွယ်လွန်သွားပါသည်။

 

အခင်းဖြစ်ပွားမှုမတိုင်မှီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ မ--- ကျေးရွာရှိ ရွာသားများအား ‌မြေမြှုပ်မိုင်းအများအပြားတည်ရှိမှုနှင့်ပတ်သက်၍ ကြိုတင်သတိပေးပြီးသားဖြစ်ပါသည်။ SAC ၏ ‌ခြေ မြန်တပ်ရင်းအမှတ် (၄၃၄) မှလည်း မြေမြှုပ်မိုင်းအများအပြားတည်ရှိမှုကြောင့် ရွာသွားများအားကျေးရွာ အပြင်ဖက်မထွက်ရန် သတိပေးထားပါသည်။ သို့သော်လည်း ‌‌မြေမြှုပ်မိုင်းများ မည်သည့်နေရာ၌ထောင်ထားသောနေရာများကိုဖော်ပြထားသည့် တိကျသည့် အမှတ်အသား သို့မဟုတ် သ‌‌င်္ကေတများမရှိပါ။ မ--- ကျေးရွာရှိရွာသားများသည် KNLA မှပေါက်ကွဲသွားသည့်မြေမြှုပ်မိုင်းတစ်လုံးအား ထောင်ထားခြင်းဖြစ်ကြောင်းယုံ ကြည်ကြသည်။

 

မ‌--- ကျေးရွာတွင်နေထိုင်ကြသောရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်အသိပေးသင်တန်းအား ၎င်းတို့၏ကျေးရွာတွင်လာရောက်ပို့ချပေးခြင်းမှရှိသောကြောင့် တစ်ကြိမ်မျှမတက်ဖူးကြပါ။ ထို့အပြင် ရွာသားများအနေဖြင့် မြေမြှုပ်မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာနည်းပါးကြပါသည်။ ရွာသားများသည် ကျေးရွာ၏အနီးအနားတွင် အသက်မွေးဝမ်းကျောင်းအတွက် စားစရာများလိုက်လံရှာဖွေစားသောက်ရသောကြောင့် ၎င်းတို့အတွက် မြေမြှုပ်မိုင်းအန္တရာယ်အလွန်ရှိပါသည်။

 

မြေမြှုပ်မိုင်းထိမှန်၍ကွယ်လွန်သွားသူအမျိုးသားမှ ၎င်း၏ဇနီးနှင့် အသက် ၁၅နှစ်အရွယ်ရှိတစ်ဉီး ကျန်ရစ်ခဲ့ပါသည်။ ခရီးသွားလာရန်နှင့် အလုပ်အကိုင်ရှာ‌ဖွေရန်ခက်ခဲသဖြင့် ထိုမိသားစုသည် အသက်မွေးဝမ်းကျောင်းအတွက် ဝင်ငွေရှာရန်အခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။  မြေမြှုပ်မိုင်းထိမှန်၍ ကွယ်လွန်သွားသူ၏ ကျန်ရစ်ခဲ့သော မိသားစုဝင်များကို လက်ရှိ မည်သည့်အဖွဲ့အစည်းမှ ကူညီထောက်ပံ့ပေးခြင်းမရှိသေးပါ။

 

မ--- ကျေးရွာရှိ ရွာသားများမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်းတို့၏ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးသွားကြကြောင်း ပြောပြကြသည်။ ဖာပွန်-ကမာမောင်းကားလမ်းတစ်လျှောက် တိုက်ပွဲနှင့် ပစ်ခတ်မှုများ များပြားလာခြင်းကြောင့် ထိုနေရာဒေသတွင် ရွာသားများခရီးသွားလာရန်အတွက် ကြောက်ရွံ့မှုပိုမိုတိုးများလာပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်ပေးသူမှ KHRG ကို သတင်းအချက်အလက်များအား အသုံးပြုရန် ခွင့်ပြုချက်ပေးထားပါသည်။