Karen Human Rights Group

သုံးရက်အတွင်း ချောင်းပြန်ဖွင့်ဖို့ KNU ကို စစ်ကောင်စီတပ် ခြိမ်းခြောက်စာပို့

 

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေထဲက ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကျိုက်ဒုံမြို့နယ်ခွဲထဲမှာ ပိတ်ထားတဲ့ ချောင်းရေကို သုံးရက်အတွင်း ပြန်ဖွင့်မပေးရင် အနီးအနားရွာတွေ ပျက်စီးလိ့မ်မယ်လို့ ဧပြီလ ၁၇ ရက် မနေ့မှာ စစ်ကောင်စီတပ်က KNU ထံ ခြိမ်းခြောက်စာ ပေးပို့လာကြောင်း KNU ဘက်က အတည်ပြုပါတယ်။

စစ်ကောင်စီတပ် ခမရ (၅၆၁) တပ်ရင်း စခန်းချထားတဲ့ ကွီလုံတိုင် စစ်ဆင်ရေးခြေကုပ်စခန်း အထက်ဘက်မှာ ပိတ်ထားတဲ့ ချောင်းရေကို သုံးရက်အတွင်း ပြန်ဖွင့်ပေးရမယ်လို့ ခြိမ်းခြောက်စာထဲမှာ ရေးသားထားပါတယ်။

KNU ရဲ့ ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော့ ခြိမ်းခြောက်စာပို့လာတာ မှန်ကန်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတာမျိုး မလုပ်သင့်ဘူးလို့ RFA ကို ပြောပါတယ်။

“စစ်တိုက်တာက စစ်တိုက်တာနဲ့ တူအောင်လုပ်ရမယ်။ ကိုယ်က အခြေအနေမဟန်တဲ့အခါမှာ အထူးသဖြင့် အရပ်သားတွေကို ဓားစာခံလုပ်ပြီး ပစ်မှတ်ထားတာက လုံးဝမလုပ်သင့်ဘူး။ အဲဒါကို ကျနော်တို့ လက်ခံလို့မရတဲ့ အနေအထားမှာရှိတယ် ”

ခမရ (၅၆၁) ရဲ့ ခြိမ်းခြောက်စာထဲမှာ ရေရှိရေး မဖြစ်မနေလုပ်ဆောင်ရမယ်လို့လည်း ထည့်သွင်းရေးထားပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ မတ်လကုန်စာရင်းအရ အခုနှစ် မတ်လ အစောပိုင်းကစပြီး KNU တပ်မဟာ (၆) နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းလောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။