
ကရင့်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် ဩဂုတ်လ ၃၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဓမ္မ ပျောက်ဆုံးစေမှု ကျူးလွန်ခံရသူများနေ့တွင် ဤကဲ့သို့ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုံ့ချခြင်းအား ဖြင့် ဂုဏ်ပြုလိုပြီး အမှန်တရားနှင့် တရားမျှတမှု ရရှိစေရန်အတွက် ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များနှင့်အတူ ရပ်တည်ကြောင်း ဖော်ပြလိုပါသည်။ အဓမ္မပျောက်ဆုံးစေမှုများသည် ရည်ရွယ်ချက်ရှိရှိကျူးလွန်သည့် အလွန်ဆိုး ရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေမှ တားမြစ်ထားသော် လည်း ဤကျူးလွန်မှုများကို ကမ္ဘာ့နိုင်ငံအနှံ့တွင် စနစ်တကျ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး မြန်မာပြည် အရှေ့ တောင်ပိုင်းတွင် မြန်မာစစ်တပ်မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ KHRG သည် လူတစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ လုံခြုံမှုနှင့် အခွင့်အရေးများကို ချိုးဖောက်သည့် အဓမ္မပျောက်ဆုံးစေမှုအပါအဝင် ချိုးဖောက်မှုအားလုံး ကို ဖော်ထုတ်ရေးနှင့် တိုက်ဖျက်ရေးတွင်ပါဝင်ရန် ကတိကဝတ်ပြုပါသည်။ အပြည်ပြည်ဆိုင်ရာ ယန္တရားများမှ သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များချမှတ်ကာ ကျူးလွန်သူများကို ရပ်တန့်စေရန်၊ မိသားစုများမှ ပျောက်ဆုံးနေ သည့် ၎င်းတို့မိသားစုဝင်များကို ပြန်လည်ရှာဖွေရာတွင် အကူအညီပေးရန်နှင့် ကျူးလွန်မှုများ ထပ်မံဖြစ်ပွားခြင်းမှ တားဆီးရန် တောင်းဆိုအပ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရှိ လူ့အခွင့်အရေး အခြေအနေသည် သိသာ ထင်ရှားစွာ ဆိုးရွားလာခဲ့ပြီး တာဝန်ယူမှုဆိုင်ရာနည်းလမ်းများ ပြိုလဲသွားကာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ကြီးစိုးလာခဲ့ သည်။ KHRG သည် မြန်မာပြည်အရှေ့တောင်ပိုင်း (ဒေသအတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်) အတွင်း အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ လက်အောက်ခံ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များအပါ အဝင် လက်နက်ကိုင်အဖွဲ့များမှ ရွာသားများအား အဓမ္မပျောက်ဆုံးစေခြင်းအပါအဝင် ကျယ်ပြန့်သည့် အကြမ်းဖက် မှုများနှင့် ချိုးဖောက်မှုများကို မှတ်တမ်းပြုစုထားပါသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် KHRG ၏ အဓမ္မပျောက်ဆုံး စေမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် မြန်မာစစ်တပ်မှ အရပ်သားများကို သတိမပေးပဲဖမ်းဆီးခြင်း၊ တရား ရေးအရကာကွယ်မှုမရှိပဲချုပ်နှောင်ထားခြင်း၊ စစ်စခန်းများ သို့မဟုတ် အကျဉ်းထောင်များတွင် ဖမ်းဆီးထားခြင်း စသည့်ဖြစ်စဉ်များအား ယနေ့ထိ လက်ခံရရှိနေပါသည်။ အထူးသဖြင့် အသက် ၁၅ မှ ၂၅ နှစ်အရွယ် လူငယ် ယောက်ျားလေးများအား တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲကာ အဓမ္မဖမ်းဆီးခြင်း ပိုမိုဖြစ်ပွား ကြောင်း တွေ့ရှိရပါသည်။ ဒူးပလာယာခရိုင်၊ ကော့တရီမြို့နယ်၊ မောင်းမရွာသစ် ကျေးရွာအုပ်စုရှိ မိခင်တစ်ဦးမှ “(၂၀၂၁ ခုနှစ်) အာဏာသိမ်းပြီးနောက် ကျွန်မတို့ သားတွေကို ဘယ်မှ ပေးမသွားတော့ဘူး။ ဘယ်သွားသွား လုံခြုံရေး အန္တရာယ်ရှိတယ်။ လမ်းမှာလည်း SAC စစ်ဆေးရေးဂိတ်တွေက လူတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဖုန်းတွေစစ်နေလို့ သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရတယ်။ သားတွေအတွက်က [ချိုးဖောက်မှု]တစ်မျိုး၊ သမီးတွေအတွက်က [ချိုးဖောက်မှု] တစ်မျိုးစိုးရိမ်ရတယ်။ မိဘတွေက သားတွေကိုတော့ ကော့တရီမြို့ပေးမသွား တော့ဘူး။ သမီးတွေကို တခါတလေ သွားခွင့်ပေးရတယ်” ဟု ဆိုခဲ့သည်။
မိသားစုများသည် မိမိတို့ ချစ်ခင်ရသူများ၏ တည်နေရာ သို့မဟုတ် အခြေအနေကို လိုက်လံစုံစမ်းခွင့်မရှိသော ကြောင့် တစ်ခါတစ်ရံ လုံခြုံမှုမရှိသော်လည်း အချက်အလက်များအတွက် သမားရိုးကျမဟုတ်သည့် ဒေသတွင်း လူမှုအသိုက်အဝန်းကွန်ယက်များကို အားကိုးရပါသည်။ အချို့သောဖြစ်စဉ်များတွင် ပျောက်ဆုံးသူများ၏ ရုပ်အ လောင်းများကို မိသားစုများထံ ပြန်လည်အပ်နှံခြင်းလည်း မရှိပါ။ KHRG ၏ မှတ်တမ်းများအရ ပျောက်ဆုံးသူများကို မြန်မာစစ်တပ်မှ ဖမ်းဆီးပြီးနောက် တပ်ဖွဲ့အတွက် ပေါ်တာများ၊ လူသားဒိုင်းများ၊ လမ်းပြများ သို့မဟုတ် မိုင်းရှင်းသူ များအဖြစ် အသုံးပြုခဲ့ကြသည်။ ဤအရာများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်သည့် ပြစ်မှုများဖြစ်သည်။ ဤအရပ်သားများသည် လူမဆန်သည့် အခြေအနေများကို ရက်သတ္တပတ်များကြာ ခံစားရပြီး တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများအတွင်း အတင်းအကြပ် ခိုင်းစေခံရသည့် အပြင် မိသားစုများနှင့် မည်သည့်ဆက်သွယ်မှုမျှ ခွင့်မပြုသောကြောင့် ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ အသိုက် အဝန်းများအပေါ် နာကျင်မှုကို ပိုမိုနက်ရှိုင်းစေသည်။
KHRG မှ မှတ်တမ်းပြုစုထားသည့် ဖြစ်စဉ်အများစုသည် မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ဖြစ်စဉ်များဖြစ်သော် လည်း ဒေသအတွင်းသတ်မှတ်ထားသည့် ကရင်ပြည်နယ်အတွင်း အခြားလက်နက်ကိုင်အဖွဲ့ အချို့သည်လည်း အဓမ္မပျောက်ဆုံးစေမှုများ ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းရရှိထားပါသည်။ ဤဖြစ်စဉ်များအတွင်း ရွာသားများအား စစ်တပ်၏ “ဒလန်” များအဖြစ် စွပ်စွဲခြင်းများနှင့် ကျူးလွန်မှုများအပေါ် တာဝန်ယူမှုမရှိခြင်းနှင့် လျှို့ဝှက်စွာ ကျူး လွန်ခြင်းများကိုတွေ့ရပါသည်။ KHRG မှ တိုက်ပွဲတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံး ကျူးလွန်သည့် ပြစ်မှုများအ ပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝယူရန် ခိုင်မာစွာ တောင်းဆိုပါသည်။
ပြည်တွင်းစစ်အတွင်း အကျုံးဝင်သော အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ (IHL) သည် အဓမ္မပျောက်ဆုံးစေမှု ကို အတိအလင်း တားမြစ်ထားသည်။ စဉ်းမျဉ်း ၉၈၊ ၁၀၅ နှင့် ၁၁၇ အရ အဓမ္မပျောက်ဆုံးစေမှုသည် မိသားစုဘဝကို တရားဝင်လေးစားရန် ကတိကဝတ်ကို ချိုးဖောက်သောကြောင့် တားမြစ်ထားပြီး တိုက်ပွဲတွင်ပါဝင်သော အစုအဖွဲ့ အားလုံးသည် ပျောက်ဆုံးနေသူများအတွက် တာဝန်ယူမှုပြုလုပ်ရန် လိုအပ်သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ဥပဒေအရ၊ အရပ်သားများအပေါ် အဓမ္မပျောက်ဆုံးစေမှုအား ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်ခြင်း သည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပါသည်။ အဓမ္မပျောက်ဆုံးစေမှုသည် ၂၀၁၇ ခုနှစ် တွင် မြန်မာနိုင်ငံမှ အတည်ပြုခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နှင့် အပြည် ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ သဘောတူစာချုပ် (ICESCR) တို့အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကိုလည်း ချိုးဖောက်နေပါသည်။ ချိုးဖောက်ခံရသည့် အခွင့်အရေး များထဲတွင် အသက်ရှင်နေထိုင်ခွင့်၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း သို့မဟုတ် လူမဆန်သည့် ဆက်ဆံမှုများကို တားမြစ်ခြင်း၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုအခွင့်အရေး၊ ကိုယ်ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးအတွက် ရရှိနိုင်သည့် အမြင့်ဆုံးစံနှုန်းအတိုင်း ခံစားခွင့်တို့ ပါဝင်သည်။
အဓမ္မပျောက်ဆုံးစေမှုများ၏ အကျိုးဆက်များသည် အလွန်ဆိုးရွားပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူထုများအ တွက် ကြီးမားသည့် သက်ရောက်မှုများရှိစေသည်။ ကျူးလွန်ခံရသူများသည် မတွေးဝံ့စရာ အကြမ်းဖက်အမှုများ ကြုံတွေ့ရပြီး မိသားစုဝင်များသည် အဆုံးမရှိသည့် စိတ်ဝေဒနာများ၊ ကြောက်ရွံ့မှုများ၊ ဝမ်းနည်းခြင်းများနှင့် မရေ ရာမှုများကို ရင်ဆိုင်ခံစားနေရသည်။ အဓမ္မပျောက်ဆုံးစေမှုသည် လူမှုအသိုက်အဝန်းအပေါ် အကြောက်တရား လွှမ်းမိုးစေခြင်း၊ နေရပ်စွန့်ခွာရခြင်းနှင့် လူမှုရေးရာသဟဇာတရှိမှုကို ပျက်စီးစေသည့် ကြီးမားသော သက်ရောက် မှုများ ရှိစေပါသည်။ စီးပွားရေးအရလည်း အလွန်ကြီးမားသည့် ထိခိုက်မှုရှိစေပြီး ပျောက်ဆုံးသူများသည် မိသားစု၏ အဓိကဝင်ငွေရှာသူများ ဖြစ်သည့်အခါ မိသားစုများသည် အခက်အခဲများစွာနှင့် ကြုံတွေ့ကြရသည်။ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ပျောက်ဆုံးသူများ၏ မိသားစုများသည် ၎င်းတို့၏ ပျောက်ဆုံးနေသော မိသားစုဝင်များကို ရှာ ဖွေရန်၊ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန်နှင့် အခက်အခဲများစွာကို ထိရောက်စွာ ရင်ဆိုင်နိုင်ရန်အတွက် လိုအပ်သည့် အထောက်အပံ့များ ရရှိနိုင်ရန်အတွက် အကူအညီလိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ တရားမျှတမှုရရှိ ရန်အတွက် ရှုံ့ချမှုပြုလုပ်ခြင်းနှင့်သာ မလုံလောက်ပဲ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ကျူးလွန်ခံရ သူများ၏အသံကို မြှင့်တင်ပေးခြင်းတို့အပြင် ၎င်းတို့အတွက် လုံလောက်သည့် ပံ့ပိုးကူညီမှုများကိုလည်း လိုအပ်နေ သည်။ KHRG သည် ကျူး လွန်ခံရသူများကို အစဉ်အမြဲ အမှတ်ရနေပြီး ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိစေရန် ဆက်လက်ကြိုးပမ်းသွားပါမည်။
မြန်မာပြည်အတွင်း အဓမ္မပျောက်ဆုံးစေမှုများ ပပျောက်ရေးနှင့် တရားမျှတမှု ရရှိနိုင်ရန် KHRG သည် အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းနှင့် သက်ဆိုင်သူများအား အောက်ပါအတိုင်းတိုက်တွန်းလိုပါသည်။
ဆက်သွယ်ရန်
နော်ဖောလား (ကရင်နှင့်အင်္ဂလိပ်) - nawpawlah@khrg.org
စောအဲလ်ဘတ် (ဗမာ) - albert@khrg.org