ဤဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်သည် မြန်မာစစ်တပ်မှ ရွာသားနှစ်ဦးအား အဓမ္မဖမ်းဆီး၍ စစ်မှုထမ်း ခိုင်းစေသည့်ဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်းတွင်မြန်မာစစ်တပ်သည် တနင်္သာရီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သော အရပ်သားလူငယ်နှစ်ဦးကိုဖမ်းဆီး၍ ၎င်းတို့ဆန္ဒ မပါပဲ စစ်မှုထမ်းရန်အဓမ္မခိုင်းစေခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် စစ်တပ်ထဲတွင် ၎င်းတို့ကြုံတွေ့ရသောအရာများ၊ လူသားမ ဆန်စွာပြုမူဆက်ဆံသည့်လုပ်ရပ်များနှင့် မည်သို့ထွက်ပြေးလွတ်မြောက်လာသည့်အကြောင်းကို ရင်ဖွင့် ထုတ်ဖော်ပြောပြခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် ကရင်ပြည်နယ်ရှိ ပြည်သူအများအပြားကို မတရားသောနည်းလမ်းများဖြင့် ဖမ်းဆီး၍စစ်မှုထမ်းစေခဲ့သည်။ [1]
“သူတို့ (မြန်မာစစ်တပ်) က မှိုင်းတိုက်တာပေါ့။ သူတို့စစ်တပ်ကို ယုံကြည်အောင်လို့ နေ့တိုင်းပြောဆိုတယ်။ brainwash လိုပုံစံမျိုးပေါ့။ ဦးနှောက်ထဲရိုက်သွင်းတာပေါ့။ အမိန့်နာခံတတ်ဖို့ နည်းမျိုးစုံလုပ်တယ်။ ထွက်ပြေးရင် အသေပစ်သတ် မယ်လို့ခြိမ်းခြောက်တယ်။ ကျွန်တော်သင်တန်းတက်တဲ့ကာလတုန်းက တစ်ယောက်ထွက်ပြေးဖူးတယ်။ သူတို့က သူ့ကိုမိအောင်ဖမ်းပြီး အကုန်လုံးကိုဝိုင်းရိုက်ခိုင်းတယ်။ သင်တန်းသားအယောက် (၂၀၀) ကို သူ့ကိုဝိုင်းရိုက်ခိုင်းတယ်။ ပြီးရင် သူ့ကိုထိပ်တုံးထဲမှာထည့်တယ်။ တော်တော်ဆိုးဆိုးရွားရွားပဲ။ သူ့မျက်နှာဆို ရုပ်တောင်ဖတ်လို့မရဘူး။ သူ့ကို ဝိုင်းထိုးကြိတ် ရိုက်နက်ထားတယ်။ သူတို့က နောက်လူတွေထွက်မပြေးရဲအောင်လို့ စံပြနမူနာပုံစံမျိုးလုပ်ခဲ့တာ။”
မောင်ခ---, အဓမ္မစစ်မှုထမ်းခိုင်းစေခံရပြီး ထွက်ပြေးလွတ်မြောက်လာသည့်တပ်မတော်စစ်သားဟောင်းတစ်ဦး
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်[2] သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အ သတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အား မဲမသမာမှုဖြင့်စွပ်စွဲကာ နိုင်ငံတော်အာဏာကို လက် နက်အားကိုးခြင်းဖြင့် သိမ်းယူခဲ့ပါသည်။ ထိုသို့နိုင်ငံတော်အာဏာကို ပြည်သူ့ဆန္ဒမပါပဲ သိမ်းယူခဲ့မှုအပေါ် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ဝိုင်းဝန်းဆန္ဒပြမှုနှင့်ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့အာဏာသိမ်းမှုကို သဘောမတူကြောင်း ဆန္ဒပြနေသည့်ပြည် သူများအား အင်အားသုံးဖြိုခွင်းသော်လည်း မရသည့်အဆုံး ကိုယ်ထိလက်ရောက်သောနည်းလမ်းနှင့် လက်နက်အားကိုး သောနည်းလမ်းတို့ဖြင့်အသုံးပြုလာပြီး အနာတရဖြစ်စေသည့်အထိနှင့် အသက်သေဆုံးသည့်အထိ လူအုပ်စုအားဖြိုခွင်းသည့်နည်းလမ်းတို့ကိုကျင့်သုံးလာသည့်အပေါ် လူငယ်များနှင့်နိုင်ငံရေးသမား၏သည်းခံနိုင်စွမ်းကုန်ဆုံးစေခဲ့သည်။
ဤသို့မတရားမှုကို ဆက်လက်ခုခံဆန့်ကျင်ဆန္ဒထုတ်ဖော်နိုင်ရန် ခေတ်ပညာတတ်လူငယ်များနှင့် နိုင်ငံရေးသမားများ က အာဏာရှင်စနစ်ကို နှစ်ရှည်လကြာတော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ထိန်းချုပ်နယ်မြေဒေသဆီသို့ တိမ်းရှောင်ခိုလှုံလာခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်ဘက်မှ ဆန္ဒပြသူများအား ညှဉ်းပမ်း နှိပ်စက်ဖမ်းဆီးထောင်ချမှုများလာသောကြောင့် တိုင်းရင်းသားဒေသရှိ တိမ်းရှောင်နေသည့်လူငယ်များနှင့် နိုင်ငံရေးသ မားများက လက်နက်ကိုလက်နက်ချင်းတန်ပြန်ရန်အတွက် စုရုံးလာခဲ့ကြသည်။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာအပတ်စဉ် သင်တန်းများကို ဒေသများတွင် တစ်ခုပြီးတစ်ခုမြင်တွေ့လာခဲ့ရသည်။ ထို့နောက် တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဟု ပေါ်ပေါက်လာခဲ့သည်။ နှစ်စဉ်ဆက်တိုက်များပြားလာသည့် (PDF) တပ်ဖွဲ့ဝင်များသည် EAO များနှင့်ပူးပေါင်းကာ နေရာဒေသအနှံ့တွင် တိုက်ပွဲများဆင်နွှဲလာခဲ့ကြသည်။ မတရားမှုကို တော်လှန်နေသည့်ပူးပေါင်း တပ်ဖွဲ့ဝင်များသည် သာလွန်စိတ်ဓာတ်ဖြင့် တိုက်ပွဲများဆင်နွှဲလာခဲ့လျက်ရှိရာ အာဏာသိမ်းတပ်ဖွဲ့ဝင်များဘက်မှ တပ်စ ခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးလာခဲ့ကြသည်။
ထိုမြင်ကွင်းကို ကြားသိမြင်နေရသော အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် အိမ်မက်ဆိုးနှင့်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ရသည်။ တပ်တွင်းတွင် နေ့စဉ်နှင့်အမျှ စိတ်ဓာတ်ကျမှုများရှိလာပြီး စစ်သည်အင်အားလည်း ယုတ်လျော့လာခဲ့ သည်။ ဤအခြေအနေကိုဖြေရှင်းရန်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်များသည် စစ်မှုမထမ်းမနေရဥပဒေကို အရေး ပေါ်ထုတ်ပြန်ခဲ့သည်။ တစ်ဖက်တွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထဲဝင်သည့်လူငယ်များက မရှိသ လောက်ရှားလာခဲ့သည်။ အကြောင်းမှာ စစ်တပ်က ဆန္ဒပြပြည်သူများအား မတရားညှဥ်းပမ်းနှိပ်စက် ဖမ်းဆီးထောင်ချ နေသောကြောင့် ပြည်သူလူထု၏ရွံရှာမုန်းတီးခြင်းကို ခံနေရခြင်းဖြစ်သည်။ စစ်တပ်မှ စစ်မှုမထမ်းမနေရဥပဒေကို ထုတ် ပြန်ပြီးနောက်ပိုင်း လူငယ်လူရွယ်များက ပြည်ပသို့ထွက်ခွာခြင်း၊ တိုင်းရင်းသားဒေသရှိ EAOs ထိန်းချုပ်နယ်မြေထဲသို့ တိမ်းရှောင်နေရခြင်းစသော စစ်မှုထမ်းမှလွတ်မြောက်ရန် ထွက်ပေါက်ရှာခဲ့ကြသည်။
မြန်မာစစ်တပ်မှ စစ်မှုမထမ်းမနေရဥပဒေ[3]ကို အကောင်အထည်ဖော်ရာတွင် အမည်ပါစစ်မှုထမ်းနေရသူများအား ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းစသည့်အရာများကို လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့မတရားသောလုပ်ရပ်များ လုပ်ဆောင်ခဲ့သော်လည်း များစွာသောစစ်သည်တော်များကျဆုံးနေမှုကြောင့် မည်သို့ပင်အစားထိုးစေကာမူ အလျင်မမှီ ခဲ့ပါ။ ထို့ကြောင့် မြန်မာစစ်တပ်သည် လစ်ရင်လစ်သလိုလမ်းသွားလမ်းလာသူနှင့် ခရီးသွားနေသူများအား ဖမ်းဆီးခေါ် ဆောင်ခြင်း၊ အသိမပေးဘဲအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းစသော ပြည်သူ့ဆန္ဒမပါပဲ အဓမ္မနည်းလမ်းဖြင့် လုပ် ဆောင်လာခဲ့ကြသည်။ ထိုအထဲတွင် မောင်က--- နှင့် မောင်ခ--- နှစ်ဦးလည်း ပါဝင်သည်။ ၎င်းတို့နှစ်ဦးသည် ကရင်အမျိုး သားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေရှိ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်သို့ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းတွင် ထွက်ပြေး လွတ်မြောက်၍ တပ်မဟာ (၁) KNLA ထံတွင် လက်နက်ချအလင်းဝင်ခဲ့သည်။
ဖြစ်စဉ် (၁) - မောင်က--- (ပြည်သူ့စစ်)၊ ကိုယ်ပိုင်နံပါတ်--- (လုံခြုံရေးအရ ဆင်ဆာဖြတ်ထား)
မောင်က--- သည် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကက--- ကျေးရွာအုပ်စု၊ ကက---ကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးဖြစ်သည်။ မောင်က---သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း တစ်နေ့သ၌ ညနေ (၅) နာရီ တွင် အလုပ်မှအိမ်သို့ပြန်လာ၍ ထမင်းစားခါနီးအချိန်တွင် (ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၁)မှ စစ်သားများအပြည့် တင်လာသည့် (Vigo) ကားဖြင့် ၎င်းအား လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။ ထိုကာလတွင် မြန်မာစစ်တပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁၇) အတွက် တပ်သားသစ်များစုဆောင်းနေသည့်အချိန်ဖြစ်သည်။ ခမရ (၄၀၁) တပ်ဖွဲ့ဝင်များမှ မောင်က---အား လာရောက် ဖမ်းဆီးစဉ် MA-1 သေနတ်ဒင်ဖြင့် ၎င်း၏မျက်နှာအား (၂) ချက်ထုထောင်းခဲ့ သေးကြောင်း သိရှိရသည်။ ထို့နောက် ခမရ (၄၀၁) သည် ၎င်းအား ထားဝယ်မြို့ရှိ ခမရ (၄၀၁) တပ်ရင်းသို့ ခေါ်ဆောင် သွားခဲ့သည်။
ဤသို့ဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်က--- က ယခုလိုပြောပြသည်။ “ရွာမှာအလုပ်သွားလုပ်တယ်။ ည နေစောင်း (၅) နာရီလောက်မှာ အိမ်ကိုပြန်လာတယ်။ သူတို့က ကျွန်တော့်အိမ်ကို ဝင်စီးတယ်။ ပေါ်တာလာဆွဲတဲ့သ ဘောပေါ့။ (…) ကျွန်တော်ရေတောင်မချိုးရသေးဘူး။ ထမင်းစားဖို့လုပ်နေတယ်။ သူတို့က ကျွန်တော့်ကို သေနတ်တွေနဲ့ ချိန်ပြီး လာဖမ်းသွားတယ်။ (…) ကျွန်တော့်ကို သေနတ်နဲ့နှစ်ချက်ထောင်း သွားသေးတယ်။ ပြီးတော့ ကျွန်တော့်ကို ကား ပေါ်ကိုဆွဲတင်တယ်။ ပြီးတော့ ကျွန်တော့်ကို ထားဝယ်မြို့မှာရှိတဲ့ ခမရ (၄၀၁) တပ်ရင်းကို ခေါ်သွားတယ်။ (…) ဘာကိစ္စ နဲ့လာဖမ်းတာလဲ ကျွန်တော်မသိဘူး။ ဒီလိုဖြစ်လာမယ်လို့လဲ မမျှော်လင့်ထားဘူး။ ကျွန်တော်က တနေကုန်အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်လေ။ အဲဒါကြောင့် ကျွန်တော်လည်းမသိဘူး။”
မောင်က---ကို ထားဝယ်မြို့ရှိ ခမရ (၄၀၁) တပ်ရင်းထဲတွင် လေးရက်ကြာထိန်းသိမ်းထားပြီးနောက် ထိုမှဆင့် ဘိတ်မြို့ရှိ စုဆောင်းရေးစခန်းသို့ စစ်သင်္ဘောဖြင့်ထပ်မံပို့ဆောင်ခဲ့ပါသည်။ ဘိတ်တပ်သားသစ်စုဆောင်းရေးစခန်းတွင် ရက်သတ္တ ပတ်ကျော်ကြာပြီးနောက် စစ်သင်္ဘောဖြင့် ပုလောမြို့အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ထပ်မံပို့ ဆောင်ခဲ့သည်သည်။ ထိုလေ့ကျင့်ရေးကျောင်းတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ လေးလကြာ စစ်သင်တန်းတက်ခဲ့ပါသည်။ သင်တန်းလေးလတက်ပြီးသည့်နောက်တွင် သင်တန်းကျောင်းထဲ (၂) ပတ်ကြာအနား ပေးပြီးနောက် ကျိုက်ထုံမြို့ရှိ တပ်မ (၄၄) သို့ စစ်သင်္ဘောဖြင့် ထပ်မံပို့ဆောင်ခဲ့သည်။ ကျိုက်ထုံမြို့ရှိ တပ်မ (၄၄) တွင် မွမ်းမံသင်တန်းနှစ်ပတ်တက်ပြီး ရှေ့တန်းတစ်နေရာဖြစ်သော ကော့ကရိတ်မြို့နယ်ရှိ (၉) တိုင်လမ်းဆုံတွင် လမ်းကင်း စောင့်သည့်တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။
(၉) တိုင်လမ်းဆုံတွင်နှစ်လကြာပြီးနောက် ကားကြီးနှစ်စီးဖြင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ - DKBA) နှင့် မြန်မာစစ်တပ်တို့ပူးပေါင်းထိုင်ထားသော ဖားအံမြို့အဝင်ဂိတ်တစ်ခုတွင် ပို့ဆောင်ခံရပြီး ထိုဂိတ်မှတစ်ဆင့် လိုင်းကားဖြင့်လူစုခွဲကာ ဒူးသထူခရိုင်ရှိ ပိန္နဲတောစခန်းသို့ DKBA ရှေ့ဆောင်လမ်းပြမှုဖြင့် ရောက်ရှိခဲ့ ပြန်သည်။ ဗိုလ်ဘိလက်အောက်ခံ DKBA တပ်ဖွဲ့ဝင်များ၏ရှေ့ဆောင်လမ်းပြမှုဖြင့် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့်ဝင်းတာပန်စခန်းသို့ စစ်ကူလိုက်ရန်ခေါ်ဆောင်ခြင်းခံရသည်။ ပိန္နဲတောစခန်းမှစ၍ စစ်ကူလာရာလမ်းတွင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးဒဏ်ရာရမှုများစွာကြောင့် ရှေ့ဆက်မတိုးတော့ဘဲ အသက်ရှင်မည့်လမ်းကို ရွေးချယ် ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁) ဆီသို့လက်နက်ချအလင်းဝင်လာပါသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် လက်နက်ချအလင်းဝင်လာသည့်နောက် KNLA ဘက်မှ ၎င်းတို့အားကောင်းမွန်စွာ စောင့် ရှောက်ထားလျက်ရှိပါသည်။ မောင်က--- ၏အထက်အရာရှိ သင်တန်းမှူးအမည်မှာ ဗိုလ်ကြီးမင်းမော်သန်းဖြစ်ပါသည်။
မောင်က---အနေဖြင့် သူအပါအဝင် အခြားသူများလည်း မြန်မာစစ်တပ်ထဲတွင် စစ်မှုမထမ်းချင်ကြောင်း သူ၏အတွေ့ အကြုံနှင့်ထင်မြင်ချက်ကို ယခုလိုပြောသည်။ “တပ်ထဲမှာတော့ အခွင့်အရေးရရင် ထွက်ပြေးချင်တဲ့လူတွေက ပိုများ တယ်။ (…) ရှေ့တန်းကိုသွားဖို့ ကျွန်တော်တို့မှာ (စစ်) အတွေ့အကြုံတွေသိပ်မရှိဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်တော် သေနတ်မပစ်ဘူး။ ဒီတိုင်းပဲဝပ်ပြီးနေတယ်။ ရှေ့တန်းမှာ ထမင်းငတ်ပြီးသေတဲ့သူတွေရှိတယ်။ မိုင်းနင်းပြီး သေတဲ့သူ တွေရှိတယ်။ ဒီလိုတွေမြင်တွေ့ရတော့ ကျွန်တော်ရှေ့ဆက်မတိုးရဲတော့ဘူး။ အဲဒါနဲ့ သေနတ်ချပြီးအလင်းဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။”
မောင်က---သည် ပန်းရံအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြု၍ မိသားစုကို ကျွေးမွေးစောင့်ရှောက်သူတစ်ဦးဖြစ်သည်။ သူသည် ဗမာလူမျိုးတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူတစ်ဦးလည်းဖြစ်သည်။ အသက် (၂၃) နှစ်ရှိပြီး အိမ် ထောင်သည်တစ်ဦးဖြစ်သည်။ ၎င်းအဖမ်းခံရသည့်အချိန်တွင် ၎င်းအမျိုးသမီးသည် အိမ်ထဲတွင်ရှိနေခဲ့သည်။ ၎င်းအမျိုးသ မီး၏အမည်မှာ မဂ---ဖြစ်သည်။ မဂ--- သည် ဖမ်းဆီးခံနေရသောအမျိုးသားနှင့် စကားပြောချိန်မရဘဲ သောကမျက်ရည် နှင့်သာ ကျန်ရစ်နေခဲ့ကြောင်း မောင်က---ကဆိုပါသည်။
ဖြစ်စဉ် (၂)- မောင်ခ--- (တပ်မတော်တပ်သား)၊ ကိုယ်ပိုင်နံပါတ်--- (လုံခြုံရေးအရ ဆင်ဆာဖြတ်ထား)
မောင်ခ---သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ တစ်နေ့တွင် မောင်ခ---သည် လမ်းဘေးတွင်မူး၍အိပ်ပျော်နေစဉ် စစ်တပ်ပွဲစားတပ် သားသစ်စုဆောင်းရေးသမား (၂) ဦး၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရသည်။ ဖမ်းဆီးခေါ်ဆောင်ခံရမှုအပြီး တပ်သားသစ်စုဆောင်းရေးသမား (၁) ဦးမှ ၎င်းအား တောင်ငူလေ့ကျင့်ရေးကျောင်းသို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့သည်။ ၎င်းရောက်နေသောအချိန်သည် ပြည်သူ့စစ်အပတ် စဉ် (၃) သင်တန်းဖွင့်လှစ်လေ့ကျင့်သင်ကြားပေးနေသည့်အချိန်လည်းဖြစ်သည်။
ရာဇဝတ်သားအပါအဝင် ရပ်နီးရပ်ဝေးမှ လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံမှစုဝေးနေသောတောင်ငူအမှတ် (၄) စုဆောင်းရေး ကျောင်းရှိလူငယ်၊ လူလတ်ပိုင်းများသည် စစ်မှုထမ်းဆောင်ရန်အတွက် အထက်လူကြီးများ၏ညှဥ်းပမ်းနှိပ်စက်မှုကို ခံခဲ့ရ ပါသည်။ စစ်သားလုပ်ချင်လားဟု မေးခွန်းမေးလာလျှင် မလုပ်ချင်ကြောင်းပြန်လည်ဖြေဆိုမိပါက ‘လုပ်ချင်တယ်’ ဟုမပြောမချင်း ထိုးကြိတ်ရိုက်နှက်ခံခဲ့ကြရကြောင်း မောင်ခ---က ထွက်ဆိုခဲ့သည်။ ထိုစုဆောင်းရေးကျောင်းတွင် (၁၅) ရက် ကြာပြီးနောက် စစ်သင်တန်းတက်ရန် သတ်မှတ်လူဦးရေပြည့်သည့်အချိန်တွင် အမှတ် (၆) ပုသိမ်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခဲ့ကြသည်။ ထိုသင်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လ ၂၈ ရက်နေ့အထိ ငါးလကြာ စစ်သင်တန်းတက်ခဲ့ကြသည်။
“လူတွေစုတယ်။ အမြို့မြို့အနယ်နယ်ကလူတွေ ရောက်လာတယ်။ တစ်ချို့ဆို အချုပ်ခန်းထဲကလူတွေကို ခေါ်ထည့် လာတယ်။ အချုပ်ထဲလူတွေကို ထောင်ကျခံမလား၊ စစ်တပ်ထဲဝင်မလားဆိုပြီး ရွေးချယ်ခွင့်ပေးတယ်။ တစ်ချို့ကတော့ စစ်ထဲဝင်မယ်လို့ပြောတယ်။ လက်ထိပ်တွေနဲ့ လာပြီးပို့ကြတယ်။ သူခိုးဂျပိုးတွေအများကြီးပဲ။ လူပေါင်းစုံပဲ။ ရူးတဲ့လူတွေ လည်းပါတယ်။ ကြပ်မပြည့်တဲ့သူတွေရောပါတယ်။ တစ်ချို့ဆို အသက် (၄၀) ကျော်တွေတောင်ပါတယ်။ ပြီးတော့ဓာတ်ပုံ တွေရိုက်တယ်။ စစ်ဆေးမေးမြန်းတယ်။ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ အလိုတူလား၊ အလိုမတူဘူးလားမေးတယ်။ အလို မတူဘူးလို့ပြောရင် ဝိုင်းထိုးကြတယ်။ ရိုက်နှက်ကြတယ်။ အလိုတူပါတယ်လို့မပြောမချင်းကို ထုထောင်းတယ်။ စစ်သား လုပ်ချင်တယ်လို့မပြောမချင်း ထိုးတယ်။ ထိုးတာမှ ရက်ရက်စက်စက်ပဲ။ ထွက်ပြေးတဲ့သူတွေကို ကြိုးတွေနဲ့တုပ်တယ်။ အယောက် (၂၀၀) ပြည့်တော့မှ အမှတ် (၆) ပုသိမ်လေ့ကျင့်ရေးကျောင်းကို စစ်ကားတွေနဲ့ပို့တယ်။ စစ်ကားတွေနဲ့ပို့တော့ လည်း ထပ်ပြီးမေးတယ်။ စစ်ဆေးတယ်။ အလိုတူလား၊ မတူဘူးလား ထပ်မေးတယ်။ မတူဘူးလို့ ပြောပိုင်ခွင့်မရှိဘူး။ မတူဘူးလို့ပြောရင် ပြန်ခေါ်တယ်။ ပြန်ထိုးတယ်။ ပြန်ဖြေခိုင်းတယ်။”
စစ်သင်တန်းတက်ပြီးနောက် နောက်တန်းတစ်နေရာဖြစ်သော တပ်မ (၄၄) လက်အောက်ခံ ညာတဝဲ ခမရ (၁) သထုံသို့ ၎င်းနှင့်အတူ သင်တန်းသား (၁၀) ဦးခန့် ပို့ဆောင်ခံခဲ့ရပါသည်။ သူသည် ခမရ (၁) တွင် ရက် (၂၀) ကျော်ကြာပြီးနောက် သေ့ဘောဘိုးဗျူဟာအထိုင်စခန်းရှိရာ ရှေ့တန်းကိုပို့ဆောင်ခံခဲ့ရသည်။ သေ့ဘောဘိုးစခန်းတွင် (၅) လကြာပြီးနောက် ၂၀၂၅ ခုနှစ်၊ မေလအတွင်း ဗိုလ်ဒါဘောဦးဆောင်သော KNLA စစ်ကြောင်းမှ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ ပါသည်။ ထိုစခန်းတွင် အလံဖြူထောင် လက်နက်ချအညံ့ခံသူ ဗျူဟာမှူးအပါအဝင် (၄၆) ဦးရှိပြီး တော်လှန်ရေးပူးပေါင်း တပ်များက ထွက်ပေါက်အနေဖြင့်ထိုင်းဘက်ခြမ်းသို့လှေဖြင့်ပို့ဆောင်ခဲ့ကြသည်။
သို့သော် ထိုင်းစစ်တပ်နှင့်မြန်မာစစ်တပ်တို့ကြားအပေးအယူမျှလျက်ရှိရာ ထိုင်းဘက်ခြမ်းမှတစ်ဆင့် ပို့ဆောင်ခံရသည့် တပ်ဖွဲ့ဝင်များအား စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၂)၊ ကော့ကရိတ်လက်အောက်ခံ ခမရ (၅၄၅) မြဝတီမြို့သို့ ထပ်မံပို့ဆောင်ခံရပြန်သည်။ ခမရ (၅၄၅) တွင် (၃) လခန့်ကြာပြီးနောက် ခမရ (၁) သထုံသို့ပို့ဆောင်ခံရပြန်သည်။ ထိုမှတစ်ဆင့် ကော့ကရိတ်မြို့နယ်၊ ကခ--- ကျေးရွာသို့ ပို့ဆောင်ခြင်းခံရကာ ထိုကျေးရွာတွင် သုံးလနီးပါးခန့်နေခဲ့ရပြန် သည်။ ထို့နောက် DKBA ဗိုလ်ဘိလက်အောက်ခံတပ်ဖွဲ့ဝင်များ၏အကူအညီဖြင့် လေးကေနှင့်ဝင်းတာပန်စခန်းသို့ စစ်ကူ လိုက်ရန်လိမ်လည်မျှားခေါ်ခြင်းခံရပြန်သည်။
စစ်ကူလာရာလမ်းတစ်လျှောက်တွင် စားနပ်ရိက္ခာမလုံလောက်မှု၊ အစာရေစာငတ်မွတ်နေမှုကြောင့် နေ့စဉ်ဆက်တိုက် သေဆုံးသူရှိလာသည့်အပေါ် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်ကိန်းဆိုက်လာပါတော့သည်။ ခေါင်းဆောင်တစ်ဦး၏ညံ့ ဖျင်းသောစီမံခန့်ခွဲမှုနှင့်ဦးဆောင်နေမှုကြောင့် မှီခိုနေရသူမိသားစုများ၏ တန်ဖိုးမဖြတ်နိုင်သောလက်အောက်ငယ်သား များ၏အသက်သည် သဲထဲရေသွန်အလား အချည်းနှီးနှင့်ရှေ့ဆက်နေရသည်။ မောင်ခ---သည် ခရီးမဆက်နိုင်တော့သည့် အဆုံး အစာရေစာငတ်ပြတ်ကာ လှဲကျမေ့လျောနေခဲ့သည်။ ထိုနောက်အသက်ဆက်ရန်အတွက် ရေရှိနိုင်သည်ဟု ယူဆရ သောနေရာများသို့ အဖော်မပါတစ်ယောက်တည်း ခရီးဆက်နေလေသည်။ ရေစီးရာအရပ်သို့ တစ်ဦးတည်းခရီးဆက်နေ စဉ် KNLA ပူးပေါင်းတပ်နှင့်တွေ့ခဲ့ပြီး ၎င်းကိုလုံခြုံသည့်နောက်တန်းတစ်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ မောင်ခ---၏ အထက်အရာရှိအမည်သည် ဒုတိယဗိုလ်မှူးကြီးကျော်သူဖြစ်သည်။
မောင်ခ--- သည် အသက် (၃၀)နှစ်ရှိပြီး လူပျိုလူလွတ်တစ်ဦးဖြစ်သည်။ သင်္ဘောလိုက်သည့်အလုပ်ဖြင့် အသက်မွေးဝမ်း ကြောင်းပြုသူတစ်ဦးဖြစ်သည်။ မောင်ခ---သည် တပ်ထဲမှထွက်ပြေးရန် စိတ်ကူးခဲ့ဖူးသည်။ သို့သော် အခြေအနေအရ မလွယ်ကူပေ။ ဤအကြောင်းကို ၎င်းက ယခုလိုပြောသည်။ “ထွက်ပြေးဖို့ကြိုးစားတဲ့သူတွေကို ကြိုးတွေနဲ့တုပ်ထား တယ်။ ရိုက်နှက်တာတွေ၊ ထိုးတာတွေရှိတယ်။ အဲဒါနဲ့ထွက်ပြေးဖို့မလွယ်ဘူးဆိုတာ သိခဲ့ရတယ်။”
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြ ချက်ကို မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-163-D1၊ 26-163-A1-I1 နှင့် 26-163-A2-I1 တို့ဖြစ်သည်။
[2] ဤအစီရင်ခံစာတွင် ရေးသားထားသည့် မြန်မာစစ်တပ်၊ တပ်မတော်နှင့် စစ်အာဏာရှင်ဆိုသည်မှာ ဗမာစစ်အာဏာရှင်၏လက်နက်ကိုင်တပ်ဖွဲ့ကို ပြောင်းလဲခေါ်ဝေါ်ရည်ညွှန်းခြင်းဖြစ်သည်။ ရွာသားများကိုယ်တိုင်က ဗမာစစ်တပ်၊ ဗမာစစ်သား၊ သို့မဟုတ် ဗမာစစ်တပ်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ၎င်းတို့ကိုယ်ကိုမှည့်ခေါ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော် မတီ (နစက-စစ်ကောင်စီ-SAC) ဟူ၍ခေါ်ဝေါ်ကြသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် စစ်အာဏာရှင်သည် ၎င်း၏အမည်အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် (စစ်ကော်မရှင်-SSPC) အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
[3] KHRG မှ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “တပါးသူအား ထိခိုက်နာကျင်အောင် အတင်းအကြပ်ခိုင်းစေခံရခြင်း - မြန်မာပြည်အရှေ့တောင် ပိုင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းကြောင့် ဖြစ်ပေါ်လာ သော အကျိုးသက်ရောက်မှု (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)” တွင် ကြည့်ပါ။
