မဇ္ဈိမ။ ။ မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်အုပ်စု၏ လုပ်ရပ်များကို နိုင်ငံတကာအသိုက်အဝန်းက နည်းလမ်းမျိုးစုံဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပေးရန် အဖွဲ့အစည်း ၁၅ ဖွဲ့က ယမန်နေ့(ဇူလိုင် ၂၄ ရက်)တွင် ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ထုတ်ပြန်ချက်တွင် စစ်အုပ်စုသည် နိုင်ငံတဝန်းရှိ စစ်မျက်နှာအသီးသီးတွင် အထိနာလာသည့်အခြေအနေများကြောင့် အရပ်သားပြည်သူများကို အငြိုးတကြီး ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ဖော်ပြထားသည်။
"မင်းအောင်လှိုင် စစ်အုပ်စု၏ ဤရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်များကို လူသားအသက်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသည့် နိုင်ငံတကာပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုနှင့် တရားမျှတမှုကို လိုလားသော အဖွဲ့အစည်းအသီးသီးက နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြရန် မေတ္တာရပ်ခံအပ်ပါသည်" ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စု၏ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသားကျောင်းသူများ၊ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ အဆက်မပြတ် သေဆုံးနေကြရပြီး ယင်းစစ်ဆင်ရေးများသည် စစ်ရေးရည်မှန်းချက်ကို ကျော်လွန်ကာ လူသားအသက်နှင့် လူ့ဂုဏ်သိက္ခာကို ပစ်မှတ်ထား ချေမှုန်းနေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုသည်။
ယင်းပူးတွဲထုတ်ပြန်ချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ၁၉၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု (အဝေးရောက်)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက် (DRPDN)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ၊ တာမွေမြို့နယ်သပိတ်ကော်မတီ၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာ အထွေထွေသပိတ်ကော်မတီ၊ All Kachin Students' Federation၊ အညာ့မှတ်ဉာဏ်နှင့် လီဆူလူငယ်အစည်းအရုံးတို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အလားတူ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ကလည်း ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရသူများ ပိုမိုများပြားလာကြောင်း ဖော်ပြခဲ့ပြီး စစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းထားသည်။
ထို့ပြင် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ နိုင်ငံတကာ၏ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် စစ်တပ်သည် အရပ်သားများအပေါ် လူသားမဆန်သည့် လုပ်ရပ်များကို ပိုမိုရဲတင်းစွာ ကျူးလွန်လာနိုင်ကြောင်း ဖော်ပြထားသည်။
KHRW က နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စုထံ ရောက်ရှိနေသည့် လေယာဉ်ဆီ၊ လက်နက်နှင့် ငွေကြေးအရင်းအမြစ်များကို ထိရောက်စွာ ပိတ်ဆို့အရေးယူရန် ပျက်ကွက်ခြင်းသည် ကြားနေရပ်တည်မှု မဟုတ်ဘဲ စစ်အုပ်စု၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ဖြစ်ပေါ်စေရန် ခွင့်ပြုပေးသကဲ့သို့ ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးအပါအဝင် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့(ဇူလိုင် ၂၄ ရက်)တွင် ထုတ်ပြန်သည်။
